Sunday, 15 November 2015

ကဗျာတွေ ရပ်တန့်ငေးမောရတဲ့ အမေ
ကောင်းကင်ထက်မော့ကြည့်လိုက်တော့
ကြယ်လေးတွေ အသိုက်အမြုံအတိုင်း စီးဆင်းလို့
ဇရာမျက်ကွင်းတွေညိုနေတာတောင်
အမေ က သားတို့အမှောင်ခြမ်းမှာလင်းနေတုန်း ။
မထစ်ချုန်းပဲ ရွာနေကျမိုးဟာ
အမေ ပေါ့
သားချော့တေးသံတွေထဲမှာ
အမေ့ မေတ္တာတရားကိုတွေ့တယ် ။
လဲကျလုလု ဘ၀ခရီလမ်းမှာ
အမေ့ စမ်းချောင်းလေးဟာ ထာဝရ စိမ့်စမ်းရေ
သားတို့တွေဝေနေတဲ့ ငရဲခန်းထဲထိ
အမေ့ အကြည့်တွေဟာ ပြိုးပြက်လင်းတောက်ဆဲ။
အမေေ ရးဆွဲခဲ့တဲ့ ခဲခြစ်ကောက်ကြောင်းဟာ
သားတို့အနာဂတ်ရဲ့မြေပုံတစ်ချပ်
ဘယ်သူဖတ်ဖတ်..မဖတ်ဖတ်
အမေ ဆိုတဲ့အသံထွက်တာနဲ့
ကဗျာတွေအကုန် ရပ်တန့်သွားတယ်. .အမေ ။
အမေ ဟာ ကဗျာရဲ့ အထက်မှာရှိတယ်
အမေ့ ဆီမှာ ကဗျာရှိတယ်
အမေ ကိုယ်တိုင်ကဗျာဖြစ်နေမှတော့
အမေ့ အတွက်သီးသန့်ခြယ်သစရာကဗျာ..
ခုထိ..
သား ရှာမတွေ့ သေး ဘူး. .အမေ ..။
ရတုသစ်

No comments:

Post a Comment