Sunday, 29 November 2015

အခါ

နံနက်​ခင်း​နေခြည်​စနဲ့အတူ ငါနှုတ်​ဆက်​တာ
မင်းမသိတဲ့အခါ
ပေးစရာ စကားလုံး​တွေ အဆင်​သင့်​ရှိ​နေ​ပေမယ့်
လက်​ခံမယ်​သူ မရှိတဲ့ အခါ
ကဗျာ​လေး​တွေ ရေးထား​ပေမယ့်
ဖတ်​သူမရှိတဲ့ အခါ
အိပ်​မက်​ထဲ တွေ့ရမလားလို့ ပါ
အိပ်​မ​ပျော်​တဲ့ အခါ
အခါ အခါ အခါခါ
အချိန်​ အခါ ဆိုတာ
အရှိန်​အ၀ါ မရှိတဲ့ ငါ့အတွက်​​တော့
နာရီတိုင်းဟာ ဒဏ်​ရာပါ။
လင်းဆက်​ပိုင်

မှော် ၃၁")
ဘယ်လိုသစ်ရိပ်မျိုးကိုမှ
ငါ့သင်းချိုင်းမြေမှာ...
အုပ်မိုးကိုင်းညွတ်မနေပါစေနှင့် ။
ရှင်းလင်းပြတ်ထင်သော
မြင်ကွင်းများဖြင့်သာ
ကြယ်ရောင်တို့သည်
ငါမှတ်တိုင်ပေါ်သို့
ငုံ့ကိုင်းကြည့်ပါစေသား ။
သေဆုံးခဲ့ပြီးသောတနင်္ဂနွေတို့၏
အတောင်ပံတို့ဖြင့်သာ
လေပြေသည်...
အေးမြပါစေသတည်း ။
ဆိုခဲ့ပြီးသော
သစ္စာစကားအရာအထောင်တို့သည်
အဖန်ဖန်လေ့ကျက်အပ်သော
မန္တာန်တစ်ပုဒ်အသွင်ဖြင့်
မှော်ဝိညာဉ်အား
ရိုက်ပုတ်လှုပ်နှိုးပါစေ ။
ထိုသို့ဖြင်ပင်....
ကောင်းကင်ဆန်သောကောင်းကင်
ပင်လယ်ဆန်သောပင်လည်တို့၌
စပါယ်ယဉ်ကျေးမှုတို့
ရွံ့ထိတ်ခြင်းကင်းစွာဖူးပွင့်နိုင်ပါစေသတည်း ။ ။
("မှော် ၃၂")
မှော်ဆိုတာ
(Action At A Distance)
အဝေးကနေပြုလုပ်စီရင်ခြင်းတဲ့
ဘာပဲဖြစ်ဖြစ်
ငါ့ကျဆုံးရာနံပါတ်ကလေးကို
ဆုတောင်းမေတ္တာပို့သပါတယ် ။
တကယ်ဆိုရင်
အဲဒီကြေကွဲခြင်းတွေကို
သိုက်နန်းရဲ့ဥရင်တိုင်မှာ
လိပ်ပြာချုပ်ကြိုးတွေနဲ့ချည်မထားသင့်တော့ဘူး
တစွန်းတစကြားခဲ့ဖူးတဲ့နားတွေကို
တော်လှန်ပစ်လိုက်တော့ ။
ငြိမ်းချမ်းပါစေကွယ်...
နယ်နိမိတ်ဆုံးအောင်ပစ်လွှတ်ခဲ့တဲ့
အလင်းမြှားတွေ
ပြန်လည်ကွေ့ဝိုက်
ငါ့ရင်ဘတ်မှာစိုက်
အလိုမရှိသူတို့ရဲ့ဥပေက္ခာအရာအထောင်ကို
ဘယ်မန္တယားနဲ့မှငါမနှိုးနိုင်ဘူး ။
နေ့စွဲနံပါတ်(7)ကလေးကို
စက္ကူရုပ်ချိုးဖို့ကြိုးစားတုန်းက
ပျားဖယောင်းတစ်ကျပ်ငွေတစ်မတ်နဲ့
ကျမ်းစာထဲကABCDတွေကို
စကြာဝဠာအနှံ့ခြေကုန်လက်ပန်းကျအောင်
ငါလွှတ်တင်ခဲ့တယ် ။
ငါသိခဲ့ပြီ....
အဲဒီကမ္ဘာဦးရနံ့ဟာ
ဘယ်အနန္တသီချင်းနဲ့မှပြန်မနိုးတော့ဘူး
မြေပြင်ကိုလှဲကျင်းနေရာယူမိတော့
ငါ့ခေါင်းအုံးကလေး....
မီးထတောက်တာပဲအဖတ်တင်တယ် ။
နေရစ်ခဲ့ပေတော့မှော်ဆရာရေ....
မင်းတတ်ကျွမ်းတဲ့ဝိညာဉ်အတတ်တွေက
ဗလာနယ်ကို..
ဘယ်တော့မှမဖမ်းဆီးနိုင်ဘူးကွဲ့ ။ ။
("မှော် ၃၃'")
မြင်ချင်တဲ့ကြယ်ကလေးကိုမှ
မော့ကြည့်ခွင့်မရဘူးဆိုရင်
စကြာဝဠာအနန္တကိုမီးရှို့ပစ်မယ် ။
ငါက..
အဒီလို...
နှင်းဆီရောင်နဲ့
မိုက်ကန်းတဲ့မှော်ဆရာပါ ။
မှတ်မှတ်ရရ....
ငါ့ကိုယ်ပိုင်နံပါတ်(၃၃)မှာ
နောက်ဆုံးထစ်ချုန်းခဲ့တဲ့
လင်းရနံ့ကလေး.....
ငါ့ရင်ဘတ်ကို...
လက်သည်းချွန်နဲ့ကုတ်ခြစ်လိုက်တော့
ကောင်းကင်နှစ်ခြမ်းကွဲသွားတယ် ။
ခုဆိုရင်...
နာမကျန်းဖြစ်နေတဲ့မှော်ဆရာက
လူမမာတို့ရဲ့စစ်သမိုင်းကို
ကြယ်ရောင်နဲ့မရေးထိုးနိုင်တော့ဘူး
ဘယ်ကုထုံးနဲ့မှမပျောက်ကင်းဘူးဆိုရင်လည်း
မျှော်လင့်ချက်တစ်ခွက်ကိုတော့
ငါအမိုက်မဲဆုံးသောက်မျိုလိုက်ပါရစေတော့
ငါ့ရဲ့....
စကြာဝဠာကျချသည်မလေးရေ...။ ။
("မှော် ၃၄")
ကောင်းကင်တစ်ခုပြိုကျသွားပြီးကြောင်း
ကိုယ့်ကိုကိုယ်ကြေငြာတဲ့နေ့က
မှော်ဆရာဟာ...
ပညာစဉ်တွေကန်းသွားခဲ့တယ် ။
မိုးမချုပ်ချင်ပဲနဲ့လည်း
နာနာရုပ်အတတ်တွေနဲ့
ဆောင်းတစ်ခုလုံး
နာကျင်စွာအမှောင်ချုပ်ပစ်ခဲ့တယ် ။
ကြယ်ရောင်ကိုသူမမြင်ရဘူး
စကြာဝဠာအသစ်တွေက
သူ့ကိုဝင်လာဖို့ခွင့်မပြုဘူး
နောက်ဆုံးလင်းတောက်မှုလား
ပန်းပွင့်တွေကိုလက်ဖဝါးပေါ်တင်
အစီအစဉ်မကျတဲ့မန္တာန်တစ်ပုဒ်နဲ့
ဇီဝဓာတ်တွေမှုတ်သွင်းလိုက်တော့
ဝေါခနဲထွက်ကျလာလိုက်တဲ့
စစ်အင်္ဂါအတုတွေ
ဇာတ်ဝင်ခန်းအတုတွေ
နွေရာသီအတုတွေ
ရိုးပြတ်ရနံ့အတုတွေ
ပင်လုံးကျွတ်ပွင့်တဲ့စံပါယ်အတုတွေ
အခန်းဆက်အိပ်မက်တွေလို
ပီပြင်စွာဖြစ်တည်လာကြ
သုည...
နတ္ထိကဝါဒ
ယုံကြည်မှုလွန်ကဲတဲ့ရယ်သံတစ်ခြမ်းနဲ့
ကောင်းကင်ကိုလက်ညှိုးထိုးပြီး
ကြိမ်းမောင်းအော်ဟစ်နေခဲ့ ။
ပြောင်းလဲခြင်းကျမ်း
လက်ပန်းပေါက်ထခတ်ချင်တဲ့
ဝမ်းနည်းခြင်းစက္ကူလူရုပ်
ခံစားမှုဇီဝတစ်ဝက်နဲ့
မျက်ရည်တစ်ဝက်ကိုအတတ်ပညာနဲ့ကွယ်ဝှက်
အပြုံးတစ်ခြမ်းနဲ့
ကမ္ဘာသစ်ကိုနှုတ်ဆက်တဲ့မှော်ဆရာ
..........
သူ... ။ ။
("မှော် ၃၅")
စကြာဝဠာကို
တစ်ယောက်တစ်ခြမ်းယူပြီး
ကိုယ့်လမ်းကိုယ်သွားကြရုံပေါ့...
စကားလုံးတွေထုတ်ခြင်းခတ်သွားတော့
မာယာမှာအလင်္ကာတွေ
သုတ်လိမ်းထားတယ်ဆိုတာ
မြင်သလိုလိုရှိရဲ့
ဒါပေမယ့်
ဘာကိုမှမမြင်ခဲ့တာသေချာပါတယ် ။
ရေစိုစက္ကူတစ်ရွက်လို
ငါ..ပျော့အိစုတ်ပြဲသွားတယ်
မာကျောအေးစက်တဲ့
မနက်ခင်းတစ်ခုလိုလည်း
ငါရှင်ပြန်ထမြောက်ခဲ့တယ် ။
ငါ့ကိုယ့်ငါ...
အခိုးအငွေ့တစ်ခုပါလို့
ကြယ်တွေကြားအောင်
ညတွေပေါ်တက်အော်ခဲ့ပေမယ့်
ဘယ်နက္ခတ်အစုအဝေးကမှလက်မခံခဲ့ဘူး ။
ပြန်...
မင်းပြန်တော့မှော်ဆရာ
မင်းလာခဲ့တဲ့ရေခဲခောတ်အထိပြန်
မင်းဝိညာဉ်ကိုမင်းပြန်ယူဆောင်တော့
မင်းရဲ့မှော်ဂါထာတွေက
ဒီကမ္ဘာရဲ့သရော်စာတစ်မျိုးထက်
အဆင့်တက်မပေးနိုင်ဘူးဆိုတာ
မင်းနားလည်ခဲ့ပြီပဲ ။
ရပိုင်ခွင့်ဆိုတာ
ရနိုင်သူတွေအတွက်ပဲကောင်းတဲ့
မျှော်လင့်ချက်တစ်မျိုးဆိုတာ
မင်းသိပါရဲ့လားမှော်ဆရာရယ် ။ ။
("မှော် ၃၆")
ဘယ်ဘုံကမှန်းမသိဘူး
သန္တဓာတ်တွေ
မနက်ခင်းထဲပြုတ်ကျလာတယ် ။
လောကအမှောင်မှာ
သောကအရောင်တွေပွင့်တုန်းက
ငါ့မှာဝှက်ဖဲတစ်ချပ်လည်းမရှိခဲ့ဘူး
ဒါပေမယ့်လည်း...
ရှင်ပြန်ထမြောက်ခြင်းကို
ငါမီးလိုပျိုးခဲ့တယ် ။
ဝင်သက်ထွက်သက်အကြောင်းပဲ
စကားတွေခြေခြင်းလိမ်နေတယ်
မြောက်ပြန်လေရယ်ငါရယ်ပေါ့...
ယုံတမ်းစကားတွေအသစ်တစ်ဖန်မွေးမြူဖို့
စကားဟဟတောင်မပြောမိကြပါဘူး ။
မန္တာန်တစ်ပုဒ်တည်းနဲ့လူဆိုတော့
တစ်ဆောင်းလုံးခြုံလည်း
ဘယ်အေးပါ့မလဲ
ဖြစ်ချင်တာဖြစ်ပေါ့
ဗြဟ္မအိမ်ကမျက်စောင်းလှလှလေး
ဖျပ်ခနဲထိုးချလိုက်ရုံနဲ့
သောကတိမ်တွေလွင့်စင်ခဲ့...။
တကယ်တော့
မှော်ဆရာဆိုတာ
သူရူးတို့နှုတ်ဖျားကသီချင်းတစ်ပုဒ်ထက်
ဘာမှမပိုခဲ့ဘူး ။ ။
("မှော် ၃၇")
ကောင်းကင်တံခါးကိုဖွင့်လော့
မနက်ခင်းအသစ်တွေနဲ့
စစ်မက်ပြိုင်အံ့..။
နာနာရုပ်အတတ်နဲ့
သွန်းလုပ်အပ်သောစစ်သားများ
ကြေးညှိရောင်ချပ်ဝပ်တန်ဆာများ
ပြိုးပြက်ဝင်းလက်သောဓားရောင်လှံရောင်များ
စိတ်အသစ်ဖြင့်လေ့ကျင့်ပြီးအပ်သော
ယတြာရစစ်ဆင်စစ်မြင်းများ
အဆင်သင့်ဖြစ်ကြပြီ...။
နှင်းရာသီထဲမှာ
စံပါယ်ရွက်ဆေးမိုးတို့
တဖြိုက်ဖြိုက်ကျူးကျော်ရွာချ
မှော်ဆရာရဲ့သင်းချိုင်းမြေမှာ
မြစိမ်းရောင်အခင်းအကျင်းနဲ့
အမုံအဖူးတွေငြိမ်းချမ်းရေးတေဆိုပြီ
နာကျင်စရာတွေထားခဲ့
ကြင်နာစိတ်တစ်ချို့တစ်လေက
မင်းကိုပျော်စေပါရဲ့လားမှော်ဆရာ..။
သံတုံးသံခဲတွေအပ်ဖြစ်သွားပြီးရင်
ဗြဟ္မာ့ပြည်ကအပ်တစ်စင်းနဲ့
ထိပ်တိုက်ထိတွေ့ဖို့
စစ်တလင်းကိုပြင်ခဲ့တယ်
စိတ်ကူးငှက်တွေ...
အတောင်ပံတစ်ဖျန်းဖျန်းရိုက်ခတ်ကြ
ရောဘဝတ္ထုတွေထဲကကောက်နှံတွေကို
ရိက္ခာအလို့ငှာဆောင်ယူကြ
ဆာလံသီချင်းတွေကို
ကဗျာတစ်ပုဒ်လို
ဒါမှမဟုတ်
ငါ့ရဲ့စစ်ချီတေးလိုဟစ်ကြွေးသီဆိုကြ
ဖြတ်သန်းသွားပြီးသားခြေရာတွေက
စစ်ဆင်တစ်ကောင်ရဲ့အစွယ်လို
ငါ့ကိုပြန်လည်ထိုးနှက်
ဘဝရဲ့ရှက်ဖွယ်လိလိရှုံးနိမ့်ခြင်းတွေပြန်သတိရ
ဆွေမွန်ရဲဘက်သားများ
ဖက်လှဲတကင်းစစ်ရောင်စစ်ရိပ်များနှင်အတူ
ငါ့ရဲ့အောင်လံဖျားမှာ
မျက်ရည်ကျနေတဲ့သူရူးရုပ်
တံဆိပ်အဖြစ်ခတ်နှိပ်ထားတယ် ။
ဒီလိုနဲ့ပဲ...
မှော်ဆရာဟာ
စစ်မက်အင်္ဂါတွေမန်းမှုတ်ခင်းကျင်းရင်း
ဘယ်တော့မှပွင့်မလာတော့မယ့်
ကောင်းကင်ဘုံတံခါးကို
သူရူးတစ်ယောက်လို
လက်ညှိုးငေါက်ငေါက်ထိုး
မျက်ရည်တွေနဲ့ကြိမ်းမောင်းနေခဲ့တယ် ။ ။
("မှော် ၃၈")
သင်္ခါရတရားတွေက
နွေဦးသစ်ရွက်တွေလို
ငါ့စိတ်တွေကိုတဖွဲဖွဲခြွေချတယ် ။
လေပွေကလည်း...
နယ်နိမိတ်ကျဉ်းမြောင်းတဲ့ဝင်ရောက်မှုတွေနဲ့
ငါ့ဝင်သက်ထွက်သက်တစ်ခြမ်းမှာ
အလင်းကချေသည်က
သူ့လက်ချောင်းတွေကိုဖြန့်ကာလို့...
ပျံ့လွင့်နေတဲ့စိတ်တွေ
ထွက်ခွာသွားပြီးသားဝ်ညာဉ်ခြေသံတွေ
မက်ဂျစ်စကွဲယားများ
အလင်းတော်ဂိုဏ်းအကြောင်း
ကြက်အဖြူတစ်ကောင်နဲ့
ဒေးဗစ်ကြယ်တစ်ခု
ကြပ်ခိုးတွေ..
မြူတွေ...
စူဠဂန္ဓာရီသမားရဲ့မျှော်လင့်ချက်တွေ
တယ်လီစမန်ခဲလိပ်တွေ...
အခါခါရှင်ပြန်ထမြောက်ခြင်းအတွက်
စုဝေးရွတ်ဖတ်မန်းမှုတ်မှုတွေ
တစ်ကိုယ်တည်း...
ဘာကိုစောင့်နေသလဲ..။
သေမိန့်ကျပြီးသားရှင်သန်မှုတွေက
နွေရာသီတိမ်မြင်းတွေကိုစီးနင်း
မီးသီချင်းတွေဆိုညည်းပြီး
ပြန်လည်ဒုန်းစိုင်းဝင်ရောက်လာကြ
ဘဝမှာစိုလက်တဲ့အပြုံးတွေ
ပြန်လည်ခင်းကျင်းပေးဖို့
ဟော..ဟိုမှာ
စကြာဝဠာဘလက်ခ်ဟိုးလ်ထဲ
နစ်ဝင်ပြုတ်ကျသွားခဲ့တဲ့
မင်းရဲ့မှော်ဆရာ...
အတောင်ပံအသစ်တွေကိုရိုက်ခတ်
တစိုက်မတ်မတ်ပျံသန်းမှုတွေနဲ့
အန္တိမအသက်တစ်ဝက်ကို
မင်းကိုပေးဖို့...
အလင်းအလျဉ်ထက်မြန်တဲ့အရှိန်အဟုန်နဲ့
ရွေ့မျောပျံသန်းလာနေတယ် ။ ။
("မှော် ၃၉")
လေးညှို့သံဆိုတာ
ပစ်မှတ်အတွက်တော့
သေမင်းတမာန်ဂီတတစ်ခုပါပဲ ။
ရေရောင်တွေဖွေးတလက်လက်ဝေတဲ့
သူရူးတို့တိုင်းပြည်မှာ
ငါက..တံလျှပ်တစ်ခုဖြစ်ခဲ့ရုံပါ ။
မင်းကြည့်လိုက်စမ်း...
စိတ်အသေတွေနဲ့ခုတ်ဖြတ်နေရတဲ့သူ
သူတစ်လူငါတစ်မင်းမစိုးမိုးနိုင်တော့ဘူး
စံပါယ်တွေစစ်ဆင်နွှဲတဲ့တိုက်ပွဲမှာ
နှင်းဆီတစ်ပွင့်တည်းအတွက်နဲ့
ဘဝကျိုးသွားတဲ့သူ...
မှော်မန္တာန်တွေတုန်ဝါးဖျော့အေး
နှုတ်ဆွံ့တေးတွေနဲ့မှော်ဆရာ..။
တကယ်ဆိုရင်
ကိုယ့်ရင်ဘတ်ကိုကိုယ်မိုးချုပ်ပြီး
အိပ်ပစ်လိုက်ချိန်တန်ပါပြီ...
ကောင်းကင်အသစ်တွေကိုလည်း
နေထွက်ခွင့်ပေးရဦးမယ်
ဘာကိုစောင့်နေတာလဲကွယ် ။
("မှော် ၄၀")
ငါရပ်နေတဲ့အမှောင်တည့်တည့်မှာပဲ
တဝီဝီပျံသန်းလာတဲ့အသံတွေနဲ့
ငါ့မျှော်လင့်ချက်တစ်ချို့
လက်ဆွဲနှုတ်ဆက်လိုက်ကြတယ် ။
ကောင်းကင်တမာန်တို့
ငါ့ထံဆောင်ယူလာကြပြီ
တစ်ခုတည်းသောအလင်းစကား
မျက်ဝန်းတွေဆွံ့အသွားစေတဲ့
စကြာဝဠာကချေသည်မရဲ့ကကြိုးယန္တယား
အမြင့်မားဆုံးသောသန္တဓာတ်သီချင်းသံ
ငါမြင်ပြီ...
ငါကြားပြီ...
ငါလင်းလင်းထင်ထင်သိခဲ့ပြီကွဲ့ ။
မှော်ဆရာလက်ရေးခုနှစ်မျိုးနဲ့
ငါရေးလိုက်တဲ့ကဗျာ...
စံပါယ်တွေမိုးမချုပ်တဲ့တိုင်းပြည်မှာ
အသိအမှတ်ပြုခံရသတဲ့
တုန်ယင်ဖျော့တော့နေတဲ့နှလုံးသွေးနဲ့
ငါပျော်လိုက်ရတာကွယ် ။
လက်ခုပ်လက်ဝါးတီးကြတဲ့
ဗျည်းသရမန္တာန်တွေက
အဆူပွက်ဆုံးလောင်မြိုက်မှုတွေနဲ့
ဆောင်းညကြယ်ကြွေသီချင်းတစ်ပုဒ်လို
ငါ့ကိုပွေ့ဖက်ကြိုဆိုကြ ။
ဖြစ်နိုင်ရင်...
ရရှိပြီးသားအမှောင်တွေကို
ကြယ်တို့ရဲ့သီချင်းနဲ့ပဲမိုးလင်းခွင့်ပြုပါတော့ ။
အို...
ငါချစ်အပ်သော
ကဗျာတစ်ပုဒ်ရဲ့အနားသတ်ကလေးရေ
ငါ့ရဲ့သက်တန့်ကျိုးကျအိပ်မက်တွေအတွက်
ကြယ်သီချင်းကိုပဲဆိုပါ
မိုးသောက်နေဝင်ကကြိုးကိုပဲ
မမောမပန်းဆက်လက်ကခုန်ပါ
ငါ့အတွက်...
အမှောင်တွေထွန်ယက်နိုင်တဲ့
စိတ်အလင်းတစ်ခုရရင်ပဲ
အရာရာပြည့်စုံပါရဲ့ကွယ် ။ ။
saw jonathan

Tuesday, 24 November 2015

အဝေးရောက်ထွက်ဆိုချက်
မင်းမျက်လုံးထဲ
ကြယ်ကလေးတွေကောက်ကောက်ထည့်ရတာ ငါပျော်တယ်။
သိပ်မြင့်တဲ့တောင်တွေပေါ်က
ဒလိမ့်ခေါက်ကွေးပြုတ်ကျတဲ့အခါတိုင်း အဲဒီကြယ်လေးတွေကို ခိုဆွဲထားနေကြမို့လေ။
မင်းရယ်သံလေးကို
ပလတ်စတစ်လောင်းပြီး အခန်းနံရံမှာ ချိတ်ထားရတာ ငါပျော်တယ်။
အမူးလွန်ပြီး အိပ်မက်တွေလမ်းပျောက်တဲ့ညတိုင်း
တခစ်ခစ် သွေးဆောင်နေကြမို့လေ။
မင်းဆံပင်ရှည်ကြီးတွေထဲ
မမြင်ရတဲ့ငါးတွေ လှမ်းလှမ်းဖမ်းရတာ ငါပျော်တယ်။
လက်မဲ့ခြေဗလာနဲ့ ပွဲခင်းထဲကထွက်ခဲ့ရတဲ့အခါတိုင်း
မျှော်လင့်ချက်ကို အသက်သွင်းပေးနေကြမို့လေ။
ဆီးလီနာရေ…
အကုသိုလ်အနည်းဆုံး စိတ်ကစားမှုတစ်မျိုးလို့ အမျိုးအမည်တပ်ပါ
မင်းကို အသက်ရှူတိုင်း လွမ်းနေခဲ့တယ်။
ညိမ်းည

Monday, 16 November 2015

လရောင်မျှားသော နွေညများ

အလင်းမ၀င်လိုတဲ့စိတ်ဓာတ်နဲ့ခပ်နက်နက်
်လမ်းဟောင်းပေါ်
တစ်တောင်ပေါ်တစ်တောင်ဆင့်ထားမှတော့ ဖြတ်ကျော်ရမှာ မလွယ်ဘူး
မေ့မေ့မူးမူးနဲ့ နွေဦးဆီပဲတစ်ကျော့ပြန်ရောက်ဖြစ်တယ်..
ခပ်လွယ်လွယ်သဘောထားခဲ့တဲ့သဘောတရားက
ဟောတရားတွေနဲ့မညီတဲ့အခါကြိုးပြတ်စွန်လိုလိုက်ဆယ်လို့မရတော့..။
ရနံ့မဲ့အသိဥာဏ်နဲ့ပိတောက်နံ့တွေလိုက်ဖမ်းခဲ့
အငမ်းမရ မျက်စိနဲ့ငုဝါတွေလိုက်ခြွေတယ်..
ပူနေတဲ့အပူထဲမှာ အပူပေါ်အပူဖိလို့ အပူမိခဲ့ရ
သမုဒယရဲ့ကျောရိုးက ရိုးရိုးလေးပါပဲ..တဏှာ..။
ဘ၀နာတိုင်း အသိသာလေမလားလို့ ဘ၀နာနဲ့စေစပ်ကြည့်ခဲ့
လွတ်တဲ့ငါးတိုင်း ကြီးနေတတ်တဲ့စိတ်ကိုမပြင်သရွေ့ဘ၀ပဲနာ အသိမသာ
မသိမသာခွါခွါသွားတဲ့ အသိလွှာတွေကို ချိတ်ဆက်ဖို့
အအိပ်မက်တဲ့ဆောင်းကို မေ့ဆေးကျွေးထားရရဲ့
တကယ့်လက်တွေ့ကိုပြန်ဝှက်ပြီး နှင်းတွေကို ခွဲထွက်ခဲ့ပေါ့...။
အခက်ချိုးပြီးအရိပ်နေချင်သူအတွက် နွေညဟာ သင်ခန်းစာပဲ
မှုန်ပြာရီဝေညရှုခင်းထဲ အလူးအလဲဝင်ရောက်ခဲ့ရ
ရွက်ခြောက်တွေနဲ့ခေါက်တဲ့နွေတံခါးမှာ မိန်းမောမိတယ်
သဘောတရားမပါတဲ့လက်တွေ့မှာ
ကြယ်ရှုခင်းနဲ့လမင်းကိုပြန်တွေ့ရဲ့လက်တွေ့မပါတဲ့သဘောတရားက လရောင်ကို ချိတ်တပ်ပြီး
ငင်တယ်..
ထဲထဲဝင်ဝင်နဲ့ညရဲ့သဘင်ဟာ နှင်းပျပျ မှုန်မှုန်ဝေ
လေလွှင့်ထားတဲ့ စိတ်နယ်မြေမှာ ရွက်ခြောက်တွေကြွေခဲ့ပေါ့..။
အသင်္ချေမကတော့တဲ့ဖြတ်သန်းမှုဖြစ်စဉ်
အ၀ိဇ္ဇာ/မောဟ
ဝိပ္ပလ္လာသထူထပ်တဲ့ ဒီတောအုပ်မှာ ပိန်းပိတ်မှောင်ပူလောင်လွန်း
နေ၀န်းနီနီတစ်ကြိမ်ယွန်းတိုင်း တစ်ကျွန်းဆီ ဆက်သလိုက်ရ ဘ၀ဆက်ကြေးများ
သွေးသားတောင်းဆိုတိုင်း/စိတ်ကအဆိုပြုတိုင်း အပြိုင်းအရိုင်း ကုတ်ကပ်ကြိုးစားရ
ရိုးသားမှု/မရိုးသားမှု ဟာလူ့ပတ်ဝန်းကျင်က လူမှုအဘိဓမ္မာ
လူရာဝင်မှု/မ၀င်မှုထက်အမည်းစက် ကင်းအောင် မနည်းတိုက်ချွတ်နေမှဖြစ်တယ်
ညစ်ကျယ်ကျယ်စွာနိုင်မှ လူရာဝင်မယ်ဆို အဲဒီလူရာ ကို ကန့်ကွက်ရဲ့
အလှည့်ကျမှနွဲ့မနေနဲ့ ပုပ်အဲ့အဲ့ရနံ့ကို ရင်ဘတ်ကရှူနိုင်ပြီးသား
များပြားတဲ့ပူမှုဆယ်ကုဋေတွေထဲ ဘ၀ဟာမိုးခေါင်နေတဲ့ နွေ
ပတ်ကြားအက်နေတဲ့စိတ်တွေ တစ်ပြေးညီပြန်ဖြစ်ဖို့
လောကမြစ်ထဲမှာ လရောင်ကို အကြိမ်ကြိမ် မျှားနေမိတော့တယ်..။

ရတုသစ်

အျမ်​ဖန်​​စောင့်​ည

အိပ်ဖန်စောင့် ည

ကြယ်ရောင်ဖြာလင်း ၊ လေညင်းသွင်းချိန်
သီချင်းလေးဆို ၊စောင့်ကာကြိုမည်..
ဝင်ခိုနားလှည့်..ပြေးဝင်ခဲ့ မေ..။
ညရဲ့ရှုခင်း ၊ ငြိမ်ဆိတ်ခြင်းဝယ်
ယမင်းသက်လယ် ၊လှသွေးကြွယ်ကို
ချစ်ဖွယ်စကား ၊ ထပ်ထပ်ကြားသည်
ချစ်အားစိမ့်ယို ၊ရွှန်းလက် စိုပေါ့ ။
ကြယ်ကိုထွန်ယက် ၊ လမင်းထွက်၍
လက်လက်ရောင်ထွား ၊သစ်ရွက်ကြားမှ
လင်းအားဖြန့်ကျက် ၊မြေသို့သက်စဉ်
နုညက်ဖြူစင် ၊ မေ့ပါးပြင်မှ
ရွှေစင်ယိုးမှား ၊ သနပ်ခါးကို
နမ်းသွားမှာစိုး ၊ ကြောက်စိတ်တိုးကာ
ငုပ်လျှိုးဝှက်ကွယ် ၊ ရင်ခွင်လယ်၌
ဖက်တွယ်ထားမိ ၊ရင်ချင်းငြိလျှက်
ပီတိဖြာဝေ ၊ နမ်းမိုးခြွေသော်
ရှက်ပြေပုတ်ခတ် ၊မောင့်ရင်ဘတ်မှာ
ပွင့်ဖတ် နုလွှာ ၊မှန်သည်သာ ဟု
ကြင်နာစိတ်ကဲ ၊အနမ်းသည်း(သဲ)ခဲ့..။
ရင်ထဲအေးစိမ့် ၊ တစ်ငြိမ့်ငြိမ့်နှင့်
နှစ်သိမ့်ချိုမြ ၊ ညလည်း လှ ၏
လောကတစ်ခွင် ၊ကြည့်၍ုမြင်သော
ဝန်းကျင်အားလုံး ၊ အလှဖုံး၏
ချစ်ဆုံးမေသာ ၊ရင်ခွင်လွှာဝယ်
ကြင်နာမှေးမှိတ် ၊တစ်ရေးအိပ်ဖို့
ချော့သိပ်တေးသံ ၊မေတ္တာရံလျှက်
အိပ်ဖန်စောင့်ရာ ၊ညကမ္ဘာ သည်
လှဖြာ ဝေစည် ၊ကဗျာ ပီသော်..
ရွှင်ကြည်ပြုံးဝင့်နေသည် တကား ၊။

ရတုသစ်

Sunday, 15 November 2015

ပြန်လျှောက်လာနေတဲ့ဆုံလည်
ပုထုဇဉ်ဓလေ့မို့တရားဟာတရားကိုပြန်ရှာနေရ
ဘ၀နွံတွင်းထဲအလင်းဟာ ဆွဲနှစ်ခံလိုက်ရတဲ့သားကောင်
အယောင်ယောင်အမှားမှားတွေကြားပြဿဒါးကပြက္ခဒိန်အပြည့် ။
ရစ် တိုးဝှေ့ဆင်းလာတဲ့မြူမှုန်မွဲပြာပြာထဲ
အလဲထိုးခံသစ်ရွက်ကလေးများတရှပ်ရှပ်တွားသွားကြ
ဘ၀ခေါင်းစဉ်အောက်ကသက်ရှိသက်မဲ့ဖြစ်ပျက်မြင်ကွင်းတွေ ။
ဖူး ဝေလိုက် ပွင့်ဝေလိုက် အချိန်ကိုက်ပြဋ္ဌာန်းကျမ်းစာများ
နောက်ဆုံးတံခါးအဖွင့်အတွက်သီအိုရီတွေဖြည့်စွက်ပေးပါ
အရေးမပါတဲ့အတွေးနဲ့ကမ္ဘာ့ဝန်ရိုးပေါ်မေ့မောလည်ပတ်နေခဲ့ရ ။
ဝေခဏ ကြွေခဏ သရုပ်ပြအခမ်းအနားတစ်လျှောက်
ဦးနှောက်ကိုရင်ဘတ်ထဲထည့်ထားလိုက်ရမလား
နှလုံးသားကိုခေါင်းပေါ်ရွက်ထားရမလား..တစ်ခုချင်းဖြေ ။
စီတန်းရစ်ခွေလာမယ့် ရွေးချယ်စရာ တစ်ခုပြီး..တစ်ခု
ဘယ်တစ်ခုကို ပန်းကုံးစွပ်သရဖူပေးမလဲ
ဝေခွဲရခက်ခြင်းဆိုတာလူဖြစ်ကတည်းကပါလာတဲ့ဝေဒနာ ။
နွေ ကဗျာဟာအဟောင်းတွေခြွေကာပစ်လိုက်
  အသစ်တွေဝေဆာပစ်လိုက် တရားပြရင်း
ကျုပ်တို့ခင်ဗျားတို့မြင်ကွင်းမှာ အထင်းသာဖြတ်လျှောက်လာ ။
ဦး နှောက်ကိုအလုပ်ပေးလိုက်ရမလားစဉ်းစား
နှလုံးသားကိုအားဖြည့်ထားရမလား ဆင်ခြင်
ရွက်ကြွေလွင်ပြင်မှာပုရစ်ဖူးတွေ အတိတ်မေ့နေပေါ့ ။
ရောက် နေကျအလှည့်က အစ၊အလယ် ၊အဆုံး မသဲကွဲ
မတည်မြဲခြင်းမှာနေမြဲအတိုင်းပုတ်သင်ညိုတစ်ကောင်လို
ယောင်ယောင်ပြီးညိတ်မိတဲ့ဦးခေါင်းဟာ အခွံသက်သက် ။
ပြန် ဆက်မရမယ့်အက်ရာတွေဖာထေးချုပ်စပ်မိ
ကြိုးပြတ်လွတ်ထွက်အသိဟာ ဘယ်ဆီဘယ်ဝယ်ပျံ့လွင့်
ကျွမ်းရင့်နေခဲ့တာ သံသရာအဆက်ဆက် အတ္တ္တ ။
ပြီ တီတီလုပ်မရတဲ့သစ္စာဟာရှေ့ နောက် ၀ဲ ယာ မှာ
မာယာတွေအလုပ်မဖြစ်ဘူး သိရဲ့လား..ဖြည်းဖြည်းဖြေ ။
ကဝေဆန်တဲ့နွေဟာ သင်္ခါရကိုပခုံးပေါ်တင်လာခဲ့ပြီ ။
ရတုသစ်
( http://yatuthit.blogspot.com/

ဂွတ်ဒ်ဘိုင်
နှုတ်ဆက်သံဆုံးသွားတာလား
ပြန်ဖို့ အချက်ပြတာလား
ယောင်ဝါးကျန်ခဲ့တဲ့လက်တစ်ဖက်မှာ
ခုထိ..
အိပ်မက်ဟောင်းလေး ဆုပ်ကိုင်ထားတုန်း ။
မထစ်ချုန်းပဲ ရွာလိုက်တဲ့မိုးပါ
ရာသီလွဲသွားတဲ့ နွေဒိုင်ယာရီထဲ
မိုးဖွဲတွေ မစို့မပို့ဖြန့်ခင်းလို့
သူညှို့ချက်တွေထဲမှာ
ကျန်ရစ်တဲ့လက်တစ်ဖက်က
အရင်လို..အသံမထွက်တော့ဘူး..
ဝေး..လက်..စ..ဝေး..

ရတုသစ်

ကဗျာတွေ ရပ်တန့်ငေးမောရတဲ့ အမေ
ကောင်းကင်ထက်မော့ကြည့်လိုက်တော့
ကြယ်လေးတွေ အသိုက်အမြုံအတိုင်း စီးဆင်းလို့
ဇရာမျက်ကွင်းတွေညိုနေတာတောင်
အမေ က သားတို့အမှောင်ခြမ်းမှာလင်းနေတုန်း ။
မထစ်ချုန်းပဲ ရွာနေကျမိုးဟာ
အမေ ပေါ့
သားချော့တေးသံတွေထဲမှာ
အမေ့ မေတ္တာတရားကိုတွေ့တယ် ။
လဲကျလုလု ဘ၀ခရီလမ်းမှာ
အမေ့ စမ်းချောင်းလေးဟာ ထာဝရ စိမ့်စမ်းရေ
သားတို့တွေဝေနေတဲ့ ငရဲခန်းထဲထိ
အမေ့ အကြည့်တွေဟာ ပြိုးပြက်လင်းတောက်ဆဲ။
အမေေ ရးဆွဲခဲ့တဲ့ ခဲခြစ်ကောက်ကြောင်းဟာ
သားတို့အနာဂတ်ရဲ့မြေပုံတစ်ချပ်
ဘယ်သူဖတ်ဖတ်..မဖတ်ဖတ်
အမေ ဆိုတဲ့အသံထွက်တာနဲ့
ကဗျာတွေအကုန် ရပ်တန့်သွားတယ်. .အမေ ။
အမေ ဟာ ကဗျာရဲ့ အထက်မှာရှိတယ်
အမေ့ ဆီမှာ ကဗျာရှိတယ်
အမေ ကိုယ်တိုင်ကဗျာဖြစ်နေမှတော့
အမေ့ အတွက်သီးသန့်ခြယ်သစရာကဗျာ..
ခုထိ..
သား ရှာမတွေ့ သေး ဘူး. .အမေ ..။
ရတုသစ်

ဧကရီ...မှာတမ်း
~~~~~~~~~
အိပ် မက် စေ ရာ
ဖွေ ရှာ မော မိ
လွမ်း သည့် အ ကြောင်း
စိတ် ထောင်း ကိုယ် ကြေ
ပူ နွေ ရ ထား
ပြေး အား ကောင်း ခဲ့
ရင် နဲ့ ရင်း လျက်
ရ မ္မက် ဝိုင် ချို
သောက် လို လည်း ဝေး
စိတ် ဆွေး ကိုယ် နွမ်း
မော ပန်း ခြင်း သာ
ရောက် လာ ခဲ့ ပြီ ဧကရီ..ရေ..။
မျက် ရည် စွတ် စို
မ ငို ပါ နဲ့
တိုး သဲ့ ရှိုက် သံ
လွင့် ပျံ ပါ နဲ့
တိတ် ရဲ့ ဇာတ် လမ်း
ပြန် တမ်း တ သော်
ရှိုက် နွမ်း သံ တွေ
ရင် ဗွေ တစ် ကြော
ထူ ပြော ခဲ့ ရာ
မျက် နှာ လွှဲ ထား
စဉ်း စား ခြင်း ရပ်
ချစ် မှတ် သ မျှ
လွမ်း ရ လဒ် သာ
နှင်း အပ် ခံ ရ သခင် မ..ရေ.. ။
လွမ်း ည အ လွန်
မင်း ထွန် ယက် ရာ
က မ္ဘာ သီး ခြား
လင်း အား ကောင်း စေ
ပွင့် ဝေ သ မျှ
ချို မြ ပါ စေ
ဝေး နေ သူ က
ဆ န္ဒ ပြု ထား
သူ ကြား စေ သား သိ စေ သား လေ ။
ဆု ခြွေ သ မျှ
သူ...ရ စေ ချင်
ရင် ခွင် အ စစ်
သူ ချစ် တွေ့ လျှက်
အိပ် မက် လှ လှ
ဂီ တ သံ သာ
ဖြေ ရာ တွေ့ ရှိ
မ သိ အ လွမ်း
အ နွမ်း မ တွေ့
ချစ် ငွေ့ ရိပ် မှာ
လှ ဖြာ နေ ရစ်
လွမ်း ကျစ် သည့် ကြိုး
ဝှေ့ တိုး နှောင် ကာ
က မ္ဘာ ခြား ဆီ
သွား ပြီ နှုတ် ဆက်
ငါ လက် ပြ ခဲ့
ည ရဲ့ သီ ချင်း
တိုး ညင်း ရွတ် လျက်
ငါ ထွက် ခွါ ပြီ ဧကရီ...ရေ...
ဝဋ် ကျေ ချိန် က ကြာဦးမည် ။
ရတုသစ်

Friday, 13 November 2015


ပန်းရိုင်း ဂီတ
(၁)
ငါ့ သမိုင်းဟာ တစ်​လဲ့လဲ့စိမ်းစို​နေတုန်းမှာပဲ
ပန်းပဒိုင်း​တွေလို အဆိပ်​​တွေထုတ်​လွှတ်
မာယာ ဆိုတဲ့ ...
ဖက်​ဆွတ်​မိုး​တွေ ညွှတ်ခွေ​ရွာချသွားတယ်​ ။
မြတ်​​သောဖန်​ဆင်းရှင်​ထံမှာ
ဆု​တွေ အခါခါ ပန်​ရင်း .....
လွမ်းသီချင်း​တွေကို ငါ...ဆိုမယ်​ ။
ငါ ဆိုဦးမယ်​ ... လွမ်းချင်း​လေး​တွေ ။
ဘယ်​က စစ
ဘယ်​မှာ ဆုံးဆုံး
ရှုံးခဲ့ကြသူတိုင်းက
ဘဝတစ်​ပိုင်း သုဉ်းခဲ့ရသူချည်း
ငါကလဲ ....
နှလုံး​သွေး ချောင်းစီး​စေခဲ့ပြီပဲ
မောင်းတီး​ကြေငြာ​ပေးရစတမ်းဆိုရင်
နင့်​ကို ... ငါ လွမ်း တယ်​ ဒေ ဝီ ... ။
မရဏ​တေးတစ်​ပိုဒ်
ယမကာ​လေးတစ်​ကြိုက်
ငါနဲ့ လမိုက်​ည​လေး
ခပ်​​ဆွေး​ဆွေးလွမ်းကြည့်​​နေတယ်​ ။
(၂)
ပန်းအက္ခရာနဲ့ ရေးထွင်းခဲ့လို့
သစ္စာမ​ဖောက်​​ကြေး ကတိစကား
သက္ကရာဇ်​ တစ်​ခုလွန်​သွားချိန်​မှာ​တော့
ဆေးသားလွင့်​ပြယ်​​နေမှာ​ပေါ့ကွယ်​ ။
ဒေဝီရယ်​ ...
ထံ တျာ တေ စည်းချက်​အလိုက်
နမ်းရှိုက်​ခဲ့ကြ​သော မာယာညများဟာ
အခု​တော့ ....
သံသရာ တစ်​ခုခြားနားသွားသလို
ဝေဝါးအက်​ကွဲသွားခဲ့ကြပြီပဲ ။
ငါရယ် .....​ ပန်​​သစ္စာတို့ရယ်
ရင်​ခွင်​တစ်​ခုစာ ခြားခဲ့ရတဲ့
ဒေဝီနတ်​ဘုရားရယ်​ ...
အိမ်​မက်​​တွေ တစ်​​နေကွယ်​တိုင်းမှာ
ခပ်​ရိုင်းရိုင်း လွမ်း​မောကြည့်​ပါဦးမယ်
ဂျပ်​ဆင်​ထိပ်​မှာ ...
လမသာတာကြာပြီ - တဲ့
ဒေဝီရယ်​ ... ခ​ရေ​ကြွေလမ်းကို​တော့
ပြန်​လှမ်းခဲ့ပါဦး
ပြန်​လွမ်းကြည့်​ပါဦး
ခုံတန်းပြာ​လေးကလဲ
ရင်​ခုန်​သံ မြန်​​နေတုန်း - တဲ့ ။
(၃)
ဒေဝီ​ရေ ....
နှင်းမြူ ပြာ​တွေလဲ
ကဗျာဆန်​စွာ " ပြာ " ခဲ့ကြပါပြီ
ဟိုတစ်​ခါ အိမ်​အပြန်​လမ်းတုန်းကလို
နှုတ်​ခမ်းကို ကိုက်​ ၊ ခပ်​မိုက်​မိုက်​​လေး
ရော့ခ်​ ဂီတ​တွေဟစ်​​ကြွေးလိုက်​ပါ ....
ရင်​ဘတ်​မှာ နှင်းဆီတစ်​ပွင့်​စိုက်​ပျိုး
ငါ .... ရိုကျိုးလွမ်းဆွတ်​ပစ်​လိုက်​ချင်​လို့ပါ ။
နှောင်းခဲ့​လေပြီး​သော အတိတ်​ထံ
မင်း​ခြေရာ​တွေ ... ဖိတ်​မန္တကပြုရင်း
ငါ ... တေးချင်း​တွေဆိုချင်​​သေးရဲ့
နေဝင်​ချုပ်​ည အိမ်​အပြန်​လမ်း
မ​ဝေခင်​ အနှုတ်​ပြ ၊ ကြွေတမ်းကစားခဲ့ကြ
အဲဒီတုန်းက ... ပန်းဟာ ၊ သိပ်​လှတယ်
ငါ့အသိ ... အဘိဓာန်​ကျမ်းလာ
ပြာနှမ်း​နေ​သော နှုတ်​ခမ်း​လေးရဲ့ပုစ္ဆာ
အခု ... ငါ့ဘဝကို
အနှုတ်​ပြသွားပြီ ၊ ရှုပ်​ဖွသွားပြီ​ဒေဝီ ။
(၄)
နင့်​အတွက်​ " ချစ်​တယ်​ " ဆိုတာ
သစ်​လွင်​ခြင်းမဲ့ ကကြိုးတစ်​ပုဒ်​ပါ
ဒါ​ပေမယ့်​ ... မင်းကို
ရုပ်​လက္ခဏာအရ ချစ်​ခဲ့ခြင်းမဟုတ်
သိခဲ့​ပေးပါ ...
မုန်းရက်​တယ်​ဆိုလဲ
အသက်​​ခြွေ​ဆေး နဲ့
အမျက်​​ဖြေ​တေး ....
ငါ့ကို ရွေးခိုင်းပါဦးလား
ကဗျာတစ်​ပုဒ်​ရဲ့ ရှင်​သန်​ခြင်းမှာ
ပြန်​ငြင်းခွင့်​မရှိတဲ့ နိယာမ​တွေ
ဝေခဲ့ပါပြီ ၊ လှခဲ့ပါပြီ ဒေဝီ ... ။
နှလုံးသားကို အစိုးမရခဲ့သူရဲ့
အရိုးသားဆုံး ကဗျာတစ်​ပုဒ်​ကို​တော့
ပုတ်​မချလိုက်​ပါနဲ့လား ....
ငါနဲ့ ငါမဟုတ်​တဲ့ အိမ်​မက်​​လေး
ဖြေ​ဆေးမရှိလို့ပါကွယ်​ ။
မုတ်​သုန်​တစ်​အုပ်
မောင်းဖြုတ်​ချလိုက်​ခြင်းမှာ
ရွက်​ဝါ​တွေ ကြွေသွားတယ်
ကြွေသင့်​ပါတယ်​ ။
မျက်​လုံးစိမ်းမ​လေး
ရှောင်​​ပြေးသွားတာက​တော့
..........................................
............................ ။
ချစ်​သင့်​ခြင်း ၊ မချစ်​သင့်ခြင်း
ဖြစ်​သင့်​ခြင်း ၊ မဖြစ်သင့်​ခြင်း
အဇ္ဈတ္တ အ​ရေးအခင်းမှာ
သစ္စာတရားက အလင်းဝင်​မလာခဲ့ဘူး
ထိုလူ ... ရူး​စေ - တဲ့
ဟုတ်​ကဲ့ ......။
(၅)
သီအိုရီအရ
သုညကြွင်းရမယ့်​ပုစ္ဆာ
ကြမ္မာတရား မျက်​နှာသာမ​ပေးပါ ။
လက်​နဲ့ ရေး​ရေး
ခြေနဲ့ ရေး​ရေး ...
သေ​စေညွှန်းမှ​တော့
" ဝေရွှန်းစန္ဒာ " လိုမလွမ်း​ဝောာ့ဘူး ။
အဆိပ်​ဆူး​တွေ ...
" နံ့ရှားကြိုင်​လွင့်​ ၊ ခါတန်​ပွင့်​​စေ " တဲ့
အမိန့်​​တော်​သံ သဲ့သဲ့ကြား
ဒေဝီရယ်​ .... ကျွန်​​တော့်​မှာ​တော့
ဘဝတစ်​ခုစာ ဖျားနာခဲ့ပါပြီ ။
လွင်​တီး​ခေါင်​ရင်​ခွင်​​ဒေသရဲ့
၁၂ ကြိုးဂီတညများစွာ
ငါဟာ...သံစဉ်​​တွေကို
တိတ်​တခိုး သီလျ နေဆဲပါပဲ ။
ပန်း - က​လေး​တွေသမိုင်းက
ရိုင်း - စိုင်းခဲ့တယ်​ဆိုလဲကွယ်
ဂီ    - တဆန်ဆန်​ မွှေးခဲ့တာ​တော့
တ  - ကယ်​ပါ ဒေဝီရယ်​ ..... ။

မင်းခသူ