Sunday, 6 September 2015

အ​ကောင်းဆုံးအချိန်

အကောင်းဆုံးအချိန်… (သို့) ယခုပင်လျှင်…
ရုပ်နာမ်ဓမ္မသင်္ခါရတို့
ကိုယ်ကဤပုံဖြစ်လိုတုံလည်း
တစ်ဖုံဆင်ကွဲသူတနဲဖြင့်
ဖောက်လွဲတက်စွာ ဓမ္မတာကို
ပညာစက္ခုမျှော်ထောက်ရှု၍
ယခုပင်လျှင် မအိုခင်က ကြိုတင်ကောင်းမှု ကြိုးစားပြုလော့…။
ယခုပင်လျှင် မနာခင်က ကြိုတင်ကောင်းမှု ကြိုးစားပြုလော့…။
ယခုပင်လျှင် မသေခင်က ကြိုတင်ကောင်းမှု ကြိုးစားလော့…။
(မင်းကွန်းဆရာတော်ကြီး ဘဒ္ဒန္တ၀ိစိတ္တသာရာဘိဝံသ)
ဒကာတစ်ဦး၏ အသုဘကို လိုက်ပါပို့ဆောင်ပေးရင်း ကားပေါ်တွင် ကမ်းပေးသည့် ယပ်တောင်ပေါ်မှ
မင်းကွန်းဆရာတော် ဘုရားကြီး၏ အထက်ပါ ကဗျာလေးကို ဖတ်ဖြစ်လိုက်၏။ ရသမြောက်ပြီး
သံဝေဂဉာဏ်အပြည့်ပါသည့် ဆရာတော်ကြီး၏ ကဗျာလေးက အခိုက်အတန့်အားဖြင့်
သံဝေဂဉာဏ် ဖြစ်စေခဲ့သည့်အပြင် မိမိအလှည့်တွင် မည်သည်ပုံစံမျိုးဖြင့် မည်သည့်နေရာ၊
မည်သည့်အချိန်တွင် မည်သူက လိုက်ပါပို့ဆောင်ပေးကြ မည်နည်းဟု
အတွေးများဖြင့် မေးခွန်းထုတ်နေမိ၏။ ထို့မေးခွန်းနှင့်အတူ မိမိဘ၀သံသရာ အရေးအတွက်လည်း
ဆရာတော်ကြီး အမိန့်ရှိသကဲ့သို့ အချိန်မီ ကြိုးစားရမည်ကို သတိပြုမိခဲ့၏။ အချိန်နှင့်အမျှ အိုလာ၊
နာလာပြီး သေရန်နီးလာနေသည့် အဖြစ်ကို စဉ်းစားရင်း ယခုထက်မအိုမီ၊ လက်ရှိထက်ပို၍ မနာမီ၊
သေခြင်းတရား ရောက်မလာမီ ကောင်းမှုကုသိုလ်များ ကြိုတင်ပြုရမည့် အချိန်သည်
ယခုလက်ရှိအချိန်ပင် ဖြစ်ကြောင်း၊ ယခုအချိန်ထက် အကောင်းဆုံး အချိန်ဟူသည်
မရှိနိုင်ကြောင်း ကောင်းစွာသဘောပေါက်နေမိ၏။
“မသာတစ်ခေါက် ကျောင်းဆယ်ခေါက်” ဟူသော စကားသည် သံဝေဂဉာဏ် အဖြစ်မြန်သည့်
သဘောကို ဖော်ညွန်းပေးခြင်း ဖြစ်၏။ ဘုန်းကြီးကျောင်း ဆယ်ခါသွားသည့်ထက် အသုဘရှု
တစ်ကြိမ်သွားလိုက်ခြင်းက ပိုပြီး သံဝေဂဉာဏ် ဖြစ်စေသည်ကို ရည်ညွန်းထား၏။ ယခုလည်း
အသုဘအခမ်းအနားတစ်ခု လိုက်ပါပို့ဆောင်စဉ် မြင်ခဲ့ရသည့် မြင်ကွင်း၊ ဖတ်လိုက်ရသည့်
သံဝေဂကဗျာ၊ ကြားလိုက်ရသည့် ငိုကြွေးသံများက စာရေးသူအပါအ၀င် အသုဘလိုက်ပို့သူ
အတော်များများကို တဒင်္ဂမျှဖြစ်စေ သံဝေဂဉာဏ် ပေးနေပေ၏။ မည်သည့်အရာမျှ ကြိုတင်မှန်းဆ၍
မရနိုင်ကြောင်းကို သုဿာန်မြင်ကွင်းကြီးက မီးမောင်းထိုးပြသကဲ့သို့ ဖြစ်နေ၏။ သုဿာန်ကပေးသည့်
သံဝေဂဉာဏ်၊ သို့မဟုတ် အသုဘက ပြောနေသည့် သတိပေးစကားသံများသည်
လိုက်ပါပို့ဆောင်နေသူများအား ယူတတ်လျင် ရစရာ မရဏာ နုဿတိ ဘာဝနာ ဖြစ်စေ၏။ သို့သော်
မယူတတ်လျင်ကား မည်မျှပင် ကြောက်လန့်စရာအဖြစ် ပြနေပါစေ မီးသဂြိုလ်စက်ထဲသို့
အလောင်းများကို ထည့်ပြီးသဂြိုလ်ပေးနေကြသူများ၊ အလောင်းကို လှပအောင်ပြင်ဆင်ပေးသည့်
အလောင်းပြင်သမားများကဲသို့ သံဝေဂဉာဏ်ဖြစ်ရန် မလွယ်လှပေ။ မှန်၏။ ထိုသို့ သုဿာန်တွင်
ဘ၀ရပ်တည်ရေးအတွက် အလုပ်လုပ်နေသူများသည် အသုဘ အလောင်းများကို နေ့စဉ်မြင်နေတွေ့နေ၊
ပြင်ဆင်ပေးနေရသဖြင့် ပုံမှန်လုပ်ရိုးလုပ်စဉ် အလုပ်တစ်ခု၊ အသက်မွေးဝမ်းကြောင်း
အလုပ်တစ်ခုအဖြစ်သာ မြင်နေတတ်ပြီး သံဝေဂဉာဏ်လည်းမဖြစ် ကြောက်လန့်ဖွယ်လည်း
မဖြစ်ကြပေ။ ရုပ်တရား၊ နာမ်တရားနှင့် ပြုပြင်ထားသည့် သင်္ခါရတရားများသည်
မိမိဖြစ်ချင်သကဲ့သို့ ဖြစ်မလာဘဲ
သူဖြစ်ချင်သည့်အတိုင်းသာ ဖြစ်နေတတ်သည်ကို မေ့နေတတ်ပေ၏။ ထို့ကြောင့်လည်း ယူစရာ ရစရာ
ရှိသော်လည်း မယူတတ်လျင် မရဘဲ ယူတတ်မှသာရကြောင်း ဆိုခြင်းဖြစ်ပေ၏။
စင်စစ် ထိုသင်္ခါရတရာများ၏ မမြဲပုံ၊ သူ့သဘောသူ ဆောင်နေပုံများသည် မြင်တတ်ယူတတ်လျှင်
အသီးသီးသော မိမိတို့ပတ်ဝန်းကျင်တွင်ပင် ရှိနေပေ၏။ သံဝေဂဉာဏ်ယူတတ်ပါက မိမိနှင့်
ပတ်သက်နေသူများကပင် အထင်အရှား ပြသနေပေ၏။ စာရေးသူ၏ ပတ်ဝန်းကျင်တွင်လည်း
သတိထားမိခဲ့၏။ လွန်ခဲ့တဲ့ ၅လလောက်က ဖြစ်မည်ထင်၏။ တစ်နှစ်အရွယ်
ကလေးတစ်ယောက် မွေးရာပါ သွေးကင်ဆာဖြင့် သေဆုံးသွားသဖြင့် သရဏဂုံလိုက်တင်ပေးပြီး
တရားဟောခဲ့ရသေး၏။ အသိဒကာတစ်ယောက်ကလည်း သူ့သမီး အူအတက်ပေါက်ကာ ဆေးရုံမှာ
ဆုံးသွားတဲ့အကြောင်း သောကပရိဒေ၀ အပြည့်ဖြင့် မျက်ရည်များကို မဆည်နိုင်ဖြစ်ကာ လျှောက်ထားသွား၏။
အားလုံးကြားပြီးသားဖြစ်သည့် သတင်းတစ်ပုဒ်က ဆရာဝန်ဆေးမှားထိုးလို့ နာမည်ကြီး
အထူးကုဆေးခန်းတစ်ခုမှာ ကလေးမလေးတစ်ဦး အသက်ဆုံးသွားသည့် သတင်းပဲ ဖြစ်၏။
မနှစ်ကလည်း စာရေးသူ ရောက်နေသည့်နိုင်ငံတွင် အလုပ်လာလုပ်နေသည့် ဒကာလေးတစ်ယောက်
အသက် ၂၆နှစ်မှာပင် စက်ညှပ်ပြီး သေးဆုံးသွားခဲ့သေး၏။ စာရေးသူနှင့် ပိုပြီးအနီးစပ်ဆုံး
အဖြစ်တစ်ခုမှာ စာရေးသူနှင့်အတူ အတ္တပရ လက်တွဲညီခဲ့ကြသည့် ညီတော်ရဟန်းတစ်ပါးလည်း
၂၀၀၈ခုနှစ်က အသည်းကင်ဆာဖြင့် စာရေးသူအရင် ဘ၀သံသရာ ခရီးဆက်သွားခဲ့၏။ ယခု
ဒီစာရေးနေချိန်မှာပင် အင်တာနက် သတင်းတစ်ပုဒ် ဖတ်ခဲ့ရသေး၏။ ထိုသတင်းကား လွန်ခဲ့တဲ့
၅လလောက်ကမှ ကိုရီးယားသို့ အလုပ်လာလုပ်သည့် အသက်
၂၈နှစ်အရွယ်ရှိ မြန်မာဒကာလေးတစ်ဦး အိမ်ခေါင်မိုးအထပ်မှ ပြုတ်ကျသေဆုံးသွားကြောင်း
သတင်း ဖြစ်၏။ ဤသည်မှာ စာရေးသူနှင့် လက်လှမ်းမီသမျှ အနီးဆုံး အဖြစ်အပျက်မျှသာ ဖြစ်၏။
ဤအဖြစ်အပျက်များသည် ရုပ်တရားနာမ်တရားများနှင့် ပြုပြင်ထားသည့် သင်္ခါရတရားများသည် အချိန်မရွေး၊
အရွယ်မရွေး၊ နေရာမရွေး ဖောက်ပြန်ပျက်ဆီးတတ်သည်ကို ဖော်ကျူးနေသည့် အဖြစ်အပျက်များ ဖြစ်ပါ၏။
ဤသို့ဤသို့သော အဖြစ်အပျက်များသည် ကမ္ဘာတစ်ဝန်း နေ့စဉ်ဖြစ်ပျက်နေပေ၏။
သတိမမူမိကြ၍သာ မသိလိုက်ကြခြင်းဖြစ်၏။
ဤသို့ဖြင့် ရုပ်နာမ်ဓမ္မ သင်္ခါရများသည် သူ့သဘော သူဆောင်နေသည်ကို လက်တွေ့ဘ၀များက
ထင်ရှားပြနေ၏။ အမှန်ကြည့်တတ်လျှင် သေဆုံးသူများတွင် မိမိတို့ထက် ငယ်ရွယ်သူများ
အများအပြား ပါဝင်နေခြင်းကို ကောင်းစွာသိမြင်နိုင်၏။ အသက်အရွယ်အရဆိုလျှင် အရင်မွေးသူက
အရင်သေရမည်ဖြစ်သော်လည်း သင်္ခါရ သဘောအရကား သေခြင်းတရားတွင်
အသက်ကန့်သတ်ချက် မရှိကြောင်း ပြသနေပေ၏။ မိမိဖြစ်ချင်သည့်အတိုင်း မဖြစ်ဘဲ
သူ့သဘောအတိုင်းသာ ဖြစ်နေကြောင်း သက်သေပြနေ၏။ မိမိတို့ ရည်ရွယ်သတ်မှတ်
ထားသကဲသို့ ဖြစ်မလာဘဲ သူ့သဘောအတိုင်းသာ တစ်နည်းနည်းဖြင့် ဖောက်ပြန်ပျက်ဆီးလေ့ရှိကြောင်း
ထုတ်ဖော်နေပေ၏။ သေချာသည်မှာ မည်သည့်အရာမျှ တစ်သမှတ်တည်း သတ်မှတ်၍
မရသည့်အချက်ပင် ဖြစ်၏။ မည်သူတစ်ဦးတစ်ယောက်မျှ ဘ၀ကို ပုံသေသတ်မှတ်၍
မရသည့် အချက်ပင် ဖြစ်၏။ နေ့မြင်ညပျောက်ဆိုသကဲ့သို့
ယခုမြင်နေသော်လည်း နောင်မြင်ချင်မှ မြင်နိုင်မည် ဖြစ်၏။
ယခုကောင်းနေသော်လည်း နောင်ကောင်းချင်မှ ကောင်းနိုင်မည် ဖြစ်၏။ ထို့ကြောင့် ဆရာတော်ကြီးများက
ယခုလက်ရှိအချိန်သည်သာ အကောင်းဆုံးအချိန်ဖြစ်သည်၊ လက်ရှိအချိန်ကို
နိဗ္ဗာန်အထိ ရောက်အောင် အသုံးချကြဟု ဆုံးမတော်မူခြင်းဖြစ်၏။
မှန်၏။ ယခုလက်ရှိအချိန်သည် ဘုရားသာသနာနှင့်လည်း ကြုံနေချိန်၊ လူ့ဘ၀ကိုလည်း ရနေချိန်၊
သူတော်ကောင်း တရားများကိုလည်း နားကြားခွင့် ရနေချိန် ဖြစ်သဖြင့် အမှန်ပင်
အကောင်းဆုံးအချိန် ဖြစ်နေပါ၏။ မနက်ဖြန်ဘာဖြစ်မည် ဆိုသည်ကိုပင် မပြောနိုင်သည့်
အနေအထားတွင် ယခုလက်ရှိ ပိုင်ဆိုင်ထားသည့် အနီးဆုံး အချိန်သည်သာ
အကောင်းဆုံး ဖြစ်ပါ၏။ ယခုလက်ရှိအချိန်ကိုသာ မိမိတို့ဘ၀ သံသရာကောင်းရေး
ကြိုးစားပေးရမည်ဖြစ်၏။ ကုသိုလ်ကောင်းမှုများကို ရသမျှ ယူရမည့် အချိန်ဖြစ်၏။
ငယ်ပါသေးသည် နောင်မှလုပ်ကြတာပေါ့ဟုဆိုကာ လက်ရှိသေချာနေသည့်အချိန်တွင်
ကုသိုလ်တရားများ မလုပ်ထားပါက မိမိတို့ မျှော်လင့်ထားသည့် နောင်ဟူသည့်အချိန် မရောက်မီ
တစ်ခုခု ဖြစ်သွားခဲ့ပါလျှင် နောင်မှတသည့် နောင်တများဖြင့် ဘ၀သံသရာလမ်းမှာ
ဝမ်းသာဖွယ်မဖြစ်နိုင်သည်မှာ မလွဲဧကန်ဖြစ်ပါ၏။
“မရဏံ မေ ဓုဝံ၊ ဇီဝိတံ အဓုဝံ = သေခြင်းတရားသည်မြဲ၏၊ အသက်ရှင်ခြင်းသည်
မမြဲ။”ဟူသည့်အတိုင်း မွေးဖွားခြင်း၏ အဆုံးသည် သေဆုံးခြင်းပင်ဖြစ်၏။
အသက်ရှင်စဲအခိုက်တွင် မည်သည့်အရာမျှ တိကျသေချာစွာ မသိနိုင်၊
မပြောနိုင်ကြသော်လည်း သေရမည်ဟူသည်ကိုကား အသေအချာပြောနိုင်ပါ၏။ သို့သော် ထိုသေဆုံးမှုသည်
မည်သည့်အချိန်တွင် ဖြစ်မည်၊ မည်သည့်နေရာတွင် ဖြစ်မည်၊
မည်သည့်အရွယ်တွင် ဖြစ်မည်၊ မည်သည့်ရောဂါနှင့် သေရမည်၊ သေပြီးနောက်
မည်သည့်ဘုံဘ၀တွင် ပြန်လည်မွေးဖွားမည် ဆိုသည်ကိုကား ကြိုတင်၍ မသိနိုင်ပြန်ပါပေ။
မနက်ပိုင်းတွင် သေသူများရှိသကဲ့သို့၊ နေလယ်ပိုင်း၊ ညနေပိုင်း၊ ညပိုင်း စသည့်
အချိန်အမျိုးမျိုးတွင်လည်း သေနိုင်၏။ သေရမည့်နေရာအတွက်လည်း မိမိက
မည်သည့်နေရာတွင် ခေါင်းချမည်ဟု နေရာရွေးချယ်၍ မရ၊ ကားပေါ်တွင်လည်း ဖြစ်နိုင်၏။
ရထားပေါ်တွင်လည်း ဖြစ်နိုင်၏။ သင်္ဘောစသည်များတွင်လည်း ဖြစ်နိုင်၏။ သေရမည့်
အသက်အရွယ်သည်လည်း မွေးပြီးပြီးချင်း ဖြစ်နိုင်သကဲ့သို့ မွေးပြီး (၇)ရက်၊ တစ်လ၊ ၆လ၊
တစ်နှစ်၊ ၅နှစ်၊ ၁၆နှစ်၊ ၃၀၊ ၅၀၊ ၈၀စသည်ဖြင့် အရွယ်မရွေးဖြစ်နိုင်၏။ သေရမည့် ရောဂါသည်လည်း
နှလုံးရောဂါနှင့် သေနိုင်သကဲ့သို့ ဆီးချိုသွေးချို၊ ကင်ဆာစသည်ဖြင့် ၉၆ပါးရောဂါ တစ်မျိုးမျိုး သို့မဟုတ်
နှစ်မျိုးသုံးမျိုးဖြင့်သေနိုင်၏။ စင်စစ်
ရုပ်တရားသည်ပင်လျှင် ရောဂါကြီး ဖြစ်နေသဖြင့် ရောဂါကင်းပြီး သေသူဟူသည်ကား မရှိနိုင်ကြပေ။
သေပြီးနောက် ပြန်လည်မွေးဖွားရမည့် ဂတိမှာလည်း အရိယာအဖြစ်ကို မရောက်သေးသည့်
ပုထုဇင်များအနေဖြင့် သေပြီးနောက် မိမိတို့ ပြုလုပ်ခဲ့သည့် ကုသိုလ် အကုသိုလ်များ၏
အကျိုးပေးသို့လိုက်ကာ ဒေ၀ဂတိဟုခေါ်သည့် နတ်ပြည်ဗြဟ္မာပြည်များတွင်လည်း ပြန်လည်မွေးဖွားနိုင်၏။
မနုဿဂတိခေါ် လူ့ပြည်လောကတွင်လည်း ပြန်လည်မွေးဖွားနိုင်၊ တိရစ္ဆာနဂတိခေါ်
တိရစ္ဆာန်အဖြစ်လည်း မွေးဖွားနိုင်၊ ပေတဂတိခေါ် ပြိတ္တာဘုံတွင်လည်း ပြန်ဖြစ်နိုင်၊ နိရိယဂတိခေါ်
ငရဲတွင်လည်း ပြန်လည်မွေးဖွားနိုင်၏။ သေချာသည်မှာ
အထက်ဖော်ပြပါအရာများသည် သေရမည်ဟူသည့် အချက်မှလွဲပြီး ပုထုဇင်သတ္တ၀ါများ ကြိုတင်၍
မသိနိုင်သည့် အရာများဖြစ်၏။ ထို့ထက်ပိုသေချာသည်ကား ယခုလက်ရှိအချိန်ပင်ဖြစ်ပါ၏။
ထို့ကြောင့် မသေချာသည့် အရာများတွင် အချိန်ကုန်မနေကြဘဲ သေချာသည့် လက်ရှိအချိန်ကိုသာ
ဘ၀သံသရာခရီးအတွက် ယခုပင်လျှင် ကြိုတင်၍ ကြိုးစားကြရန် တိုက်တွန်းကြခြင်းဖြစ်၏။
မည်သို့ဆိုစေ မည်သည့်အရာမျှ မမြဲသည့် ဤလောကကြီးတွင် လက်ရှိအချိန်သည်သာ
အကောင်းဆုံး ဖြစ်ပါ၏။ ရုပ်တရား၊ နာမ်တရား၊ သင်္ခါရတရားများသည် မိမိတို့ ဖြစ်ချင်သည့်
ပုံစံများဖြင့် ဖြစ်နေခြင်းမဟုတ်ဘဲ သူဖြစ်ချင်သည့်အတိုင်း သူ့သဘော သူဆောင်ကာ
တစ်နည်းနည်းဖြင့် ဖောက်လွဲဖောက်ပြန် ပျက်ဆီး၍သာ နေပေ၏။ ထိုသဘောကို ကောင်းစွာနားလည်
သဘောပေါက်ပြီး လက်ရှိပိုင်ဆိုင်ထားသည့် အချိန်ကိုပင် အကောင်းဆုံးအချိန်အဖြစ်
နိဗ္ဗာန်အထိရောက်အောင် အသုံးချရမည် ဖြစ်ပေ၏။ နိဗ္ဗာန်မရသေးသော်လည်း ကျင်လည်ရမည့်
သံသရာတွင် အပါယ်မလားစေရန်၊
သုဂတိဘ၀တွင် ပြန်လည်မွေးဖွားစေရန် ကောင်းမှုများဖြင့် ပေါင်းစုထားရန်သာ ဖြစ်ပါ၏။ ယခုထက်ပို၍
မအိုမီ၊ ယခုထက်ပို၍ မနာမီ၊ သေခြင်းတရား မရောက်လာမီ ကောင်းမှုအစုကို
ကြိုးစားပြုထားရမည်သာ ဖြစ်ပါ၏။ ထို့ကြောင့် သူတော်ကောင်းများ အနေဖြင့် တိပိဋကမင်းကွန်း
ဆရာတော်ဘုရားကြီး၏ အဆုံးအမဖြစ်သည့် “ယခုပင်လျှင် မအိုခင်က၊ ယခုပင်လျှင်
မနာခင်က၊ ယခုပင်လျှင် မသေခင်က ကြိုတင်ကောင်းမှု ကြိုးစားပြုလော့…” ဟူသော
သတိပေးတိုက်တွန်းချက်ကို နှလုံးသွင်း ဆင်ခြင်ကာ အကောင်းဆုံးအချိန်ဖြစ်သည့်
ယခုအချိန်ကိုသာ တန်ဘိုးရှိအောင် အသုံးချကြပါဟု တိုက်တွန်းရင်း… ယခုပင်လျှင်…
စာရေးသူ = အရှင်ဝိစိတ္တ (မနာပဒါယီ) ။
စုစည်းထားမှု = ဓမ္မရသစာစုများ

No comments:

Post a Comment